Thursday, July 16, 2009

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

တစ်နေ့ ဆရာဝန်ဆီသို့ လူနာ (၁) ယောက်ရောက်လာသည်။

လူနာ - ဆရာ၊ ကျွန်တော့်ကို ကုပေးပါဦး ဆရာ။
ဆရာဝန် - ဘာဖြစ်လို့တုန်း။
လူနာ - ကျွန်တော့်မှာ ရောဂါ (၁) ခုဖြစ်နေလို့ပါ ဆရာ။
ဆရာဝန် - ဘာရောဂါတုန်းကွ။
လူနာ - ကျွန်တော် ညတိုင်းအိပ်မက်မက်တယ်။ အိပ်မက်ထဲက လူကြီး (၁) ယောက်က လာလာပြောတယ်။ ကျွန်တော့်ကို ရှူးရှူးပေါက်ရအောင်ဆိုပြီး လာလာပြောနေတော့ ကျွန်တော်လဲ အပြင်မှာ တစ်ကယ်ပေါက်ချမိရောဗျာ။

ဆရာဝန် - ဒါဆို နောက်တစ်ခါလာပြောရင် ပြောလိုက်ကွာ။ ကျွန်တော်ပေါက်ပြီးပြီလို့။

နောက်တစ်နေ့ ထိုလူနာ ရောက်ချလာပြန်တယ်။

ဆရာဝန် - ဘာဖြစ်ပြန်ပြီလဲကွ။
လူနာ - ဆရာရယ် ညက အိပ်မက်မက်တယ်။
ဆရာဝန် - မင်းက ငါပြောခိုင်းသလို မပြောဘူးလားကွ။
လူနာ - ပြောပါတယ်ဆရာ၊ ဒါပေမယ့် အဲ့လူကြီးက ကျွန်တော့်ကိုပြောတယ်။
ဆရာဝန် - အေး၊ ဘာပြောလဲ။
လူနာ - သူက " ဒါဆို အီးအီးပါရအောင်"

ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေ။

Wednesday, July 15, 2009

၁။ Ego Love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်။ မျက်စိအောက်က အပျောက်မခံချင်ဘူး။ သ၀န်တိုနေတယ် ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင် အဲဒါ ego love ဖြစ်နေပါပြီ။ အဲဒီလိုလူတွေက ချစ်သူကို စိတ်ဆိုးလွယ်တယ်။ သူက ငါ့ကို ငါချစ်သလောက် မချစ်ဘူးဆိုတဲ့အတွေးမျိုး ခဏခဏ၀င်တတ်ပါတယ်။ အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး။ အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့။

၂။ One-sided Love

ဒီအမျိုးအစားက ကိုယ်ကပဲချစ်နေချင်တယ်။ အရာရာပေးဆပ်နေချင်တယ်။ အကောင်းဆုံးတွေ လုပ်ပေးချင်နေတယ်။ ဒါပေမယ့် တစ်ဖက်လူက ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ ဘယ်တော့မှမစဉ်းစားပါဘူး။ အဲဒါကြောင့် တစ်ခါတစ်ခါ တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်။ အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့ မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်။

၃။ Blind Love

ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်။ အချစ်မှာမျက်စိမရှိဘူးလို့ ပြောနေကြတဲ့သူတွေပေါ့။ အရာရာကို ရင်ဆိုင်ရဲလာမယ် သူ့အတွက်နဲ့ အရာရာကို စွန့်လွှတ်ရဲတဲ့ စိတ်တွေဝင်လာမယ်။ ဒါဆိုရင် blind love ဖြစ်နေပါပြီ ဖြစ်သင့်မဖြစ်သင့် လုပ်သင့်မသင့်တွေလဲ မစဉ်းစားမိတော့ဘူးလေ။ ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး။ အချစ်တွေပျောက်သွားတဲ့အချိန်မှ ကိုယ်လုပ်မိတာတွေအတွက် နောင်တရနေတတ်ပါတယ်။

၎။ True love

နောက်ဆုံးအမျိုးအစားပါ။ မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့၊ အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်။ ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး။ ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ။ ဒီလိုအချစ်မျိုးကတော့ အင်မတန်ရှားပါတယ်။ လူတစ်ယောက်ကို တစ်ခြားဘာကိုမှမကြည့်ပဲ သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ။ အသဲကွဲတယ်ဆိုတာလဲမရှိဘူး။ သူနဲ့မပေါင်းရလဲ ဘာမှမဖြစ်ပဲ တစ်သက်လုံး စိတ်ထဲမှာထားပြီး ချစ်သွားနိုင်တဲ့အချစ်မျိုးပါ။ အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်။

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်။

တစ်ချို့က တစ်ခါတစ်လေ Blind Love ကို True Love နဲ့ လဲမှားတတ်ကြပါတယ်၊ ဆင်တာကိုး၊
မတူကတော့ Blind Love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး။

အဲဒါကြောင့် ချစ်မိပြီဆိုရင် ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး ရင်ဆိုင်ရမယ့်ပြသနာတွေကို ဖြေရှင်းနိုင်ကြပါစေ။ ။

လက္ခဏ ဗေဒ ဆရာကြီး ဦးစံတင်အောင် (ရွှေဘို) အားအိန္ဒိယ နိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှူ့ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ လက္ခဏာ ပညာ ပါရဂူဘွဲ့ Ph.D (Palmistry)ချီးမြှင့် ခံရခြင်း အတွက် ဂုဏ်ပြုပွဲ အခမ်းအနားတွင် အမှတ်တရ ထုတ်ဝေသောလက်ကမ်း စာအုပ်ငယ်လေး ထဲမှ " မအောင်မြင်ခြင်း အကြောင်းအရင်း (၄၅)ချက်"ကို ကူးယူ ဖော်ပြပါသည်။

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း။

၂။ မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။

၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့် အကျင့်ရှိခြင်း။

၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။

၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။

၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း။

၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ် မရှိခြင်း။

၈။ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ခြင်း။

၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ် ခံခဲ့ရခြင်း။

၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။

၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။

၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။

၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။

၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။

၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း။
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။

၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။

၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။

၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။

၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။

၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။

၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။

၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။

၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။

၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။

၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။

၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲအချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)

၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။

၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။

၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။

၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)

၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။

၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)

၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိနှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)

၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။

၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။

၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။

၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း။

၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ ပြောဆိုခြင်း။

၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။

၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု တတ်ခြင်း။

၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။

၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။

၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါင်းးအသင်း ၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။

၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို တိုးတက်အောင် မပြုလုပ်ခြင်း။

(မူရင်း စာတွင် နံပတ် ၁၇ နှင့် ၁၉ အချက် နှစ်ခုက ထပ်သွား၍ ဖြုတ်ချန်ထားခဲ့ ပါသည်။ လက်သဲကွင်း ထဲမှ စာသားများသည် နားလည်သလို လွယ်ကူအောင် ရေးထားခြင်း မျှသာ ဖြစ်ပါသည်။)

၁။ သူငယ်ချင်းတွေ စုဆောင်းပါ။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။
ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

၂။ လက်လွတ်တတ်ဖို့ သင်ယူပါ။
ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက်
အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

၃။ အကြင်နာ မေတ္တာကို မျိုးပွားပါ။
ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလိုအကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့
ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

၎။ ဂီတကို နှစ်သက်ပါ။
ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတကကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

၅။ သောကနှစ်မျိုးကို ရှောင်ပါ။
ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက...ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

၆။ ခံနိုင်ရည်ရှိဖို့ သင်ယူပါ။
တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲတစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။
ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ်မဟုတ်တော့ပါဘူး။

၇။ သူ့ကျေးဇူးကို သိတတ်ပါ။
အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်းသတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင်ပိုမှန်လိမ့်မယ်။

၈။ အလုပ်ကို မြတ်နိုးပါ။
အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။

၉။ သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊ နားလည်စွမ်းတွေ။

၁၀။ အားကစားလုပ်ပါ။
ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

၁။ အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

၂။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။

၃။ အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲဖြစ်ဖြစ် သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's! ပဲပေါ့။

၎။ ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။

၅။ ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။ ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင် သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။

၆။ သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့ တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း
ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။

၇။ မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊ ၀မ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ ကိုယ်အသက်ရှင်နေစဉ် အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။

၈။ ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင် ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ
မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။

၉။ မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။ အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။

၁၀။ ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ဝေလငါး

ဝေလငါးဆိုတာဘာလဲ။

ဝေလငါးတွေဟာ ရေထဲမှာနေပေမယ့်လို့ “ငါး” မျိုးနွယ်စုထဲမှာမပါပါဘူး။ သူတို့တွေဟာ ရေနေ-နို့တိုက်သတ္တ၀ါများသာ ဖြစ်ကြပါတယ်။


ပင်လယ်ထဲ၌နေထိုင်ခြင်း

ဝေလငါးများဟာ အလွန်ကြီးပြီး ဥာဏ်အလွန်ကောင်းမွန်တဲ့ ရေနေ-နို့တိုက်သတ္တ၀ါများ ဖြစ်ကြတယ်။ သူတို့တွေဟာ လေကို အခြားရေနေသတ္တ၀ါတွေလို ပါးဟပ်ကနေမရှူဘဲ သူတို့ရဲ့ကျောကသီးခြားအသက်ရှူပေါက်(blowhole) မှ အဆုပ်ထဲကိုရောက်အောင် ရှူသွင်းပါတယ်။ ဝေလငါးတွေမှာ ရေထဲမှာသွားလာရအောင် လွယ်ကူဖို့ ချောမောနူးညံ့တဲ့ ခန္မာရှိကြပါတယ်။ ဝေလငါးများဟာ သူတို့တစ်ဘ၀လုံးကို ပင်လယ်ထဲမှာဘဲ နေထိုင်သောက်စားကြတဲ့ တစ်မျိုးထဲသော ရေနေ-နို့တိုက်သတ္တ၀ါများ (ရေနွား - manatees မှလွဲ၍) ဖြစ်ကြပါတယ်။

အခြားနို့တိုက်သတ္တ၀ါများသကဲ့သို့-

- ဝေလငါးတွေဟာ လေကိုအဆုပ်ထဲသို့ ရှူသွင်းကြတယ်၊

- သူတို့တွေရဲ့ကိုယ်မှာလည်း အမွေးတွေရှိကြတယ် (အခြားကုန်းသတ္တ၀ါတွေထက် အလွန်နည်းပါးပြီး အကောင်ကြီးတွေမှာ အမွေးကို မမြင်နိုင်လောက်အောင်ပါဘဲ)၊

- ဝေလငါးတွေက သွေးနွေးသတ္တ၀ါများဖြစ်ကြတယ် (ကိုယ်တွင်းအပူချိန်အလွန်မြင့်မားပါတယ်)၊

- ဝေလငါးတွေမှာ ဝေလငါးလေးတွေကို အစာကျွေးဖို့အတွက် “Mammary Glands” ဆိုတာလေးတွေရှိပါတယ်၊

- သူတို့နှလုံးမှာလည်း အခန်း ၄ ခန်းရှိပါတယ် (Left Ventricle and Right Ventricle, and Left Atrium and Right Atrium)။


အရွယ်အစား

“ဝေလငါးပြာ (Blue Whale)” ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အသံအကျယ်ဆုံး တိရစ္ဆာန် ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေထက်လည်း အဆမတန်ပိုမိုကြီးမားပါတယ်။ ဝေလငါးပြာ၏ ခန္ဓာသည် ၉၄ ပေ(၂၉ မီတာ) (၉ထပ်တိုက်ခန့်)ထိရှည်ပါတယ်။ ဝေလငါးပြာကြီးတွေက သေးငယ်လှတဲ့ပင်လယ်နေပုစွန်သဏ္ဍန်အကောင်လေးတွေအား တစ်နေ့ကို ၄တန်ခန့် စားသုံးကြတယ်။ စားသုံးတဲ့အခါမှာလည်း “Baleen” ဆိုတဲ့အစာစစ်တဲ့နေရာမှတစ်ဆင့် စစ်ပြီးသောက်စားကြပါတယ်။ ဒီလိုဝေလငါးကြီးတွေကို လူသားတွေကလွဲလို့ ဘယ်သူမှဖမ်းမယ့်သူမရှိပါဘူး။


“Dwarf Sperm Whale” တွေဟာ အသေးငယ်ဆုံးဝေလငါးတွေ ဖြစ်ကြပါတယ်။ အရွယ်ရောက် ဝေလငါးတစ်ကောင်ရဲ့ အရွယ်အစားသည် ၈.၅ပေ (၂.၆ မီတာ) သာရှည်လျားကြပါတယ်။


Cetaceans နှစ်မျိုး

ဝေလငါးများ၊ လင်းပိုင်များ၊ နှင့် porpoises (နှာခေါင်းတုံးတုံးကြီးများရှိကြသော လင်းပိုင်းမျိုးစုများ) သည် Cetaceans အုပ်စုထဲတွင် ပါဝင်ကြပါတယ်။ Cetaceans အမျိုးခွဲပေါင်း ၇၅ မျိုးရှိကြပါတယ်။ ဝေလငါးတွေသည်လည်း Cetacea အမျိုးစုမှာ အစဉ်လိုက် ပါဝင်နေကြတယ်။ သို့သော် ထို ဝေလငါးများကို အောက်ပါ အုပ်စုတွေအတိုင်း ခွဲခြားထားကြတယ်။


-Toothed whales (Odontoceti) - ဝေလငါးတွေဟာ အခြားရေနေသတ္တ၀ါတွေကို ဖမ်းယူသောက်စားတတ်တဲ့ သတ္တ၀ါများဖြစ်ကြတယ်။ Toothed whales တွေမှာ အစာဖမ်းဆီးရန်အတွက် ငုတ်တိုသဏ္ဍာန်သွားများ (peg-like teeth) များပါရှိပြီး သားကောင်များကို ကောင်လုံးလိုက် မျိုချလေ့ရှိကြတယ်။ သူတို့ရဲ့အစာတွေကတော့ ငါးများ၊ ပြည်ကြီးငါးများ၊ နဲ့ အခြားရေနေ-နို့တိုက်သတ္တ၀ါများကို စားသုံးလေ့ရှိကြပါတယ်။ သူတို့တွေမှာလည်း ကျောကသီးခြားအသက်ရှူပေါက် (blowhole) ပါရှိပြီး Echolocation လို့ ခေါ်တဲ့ အင်္ဂါကိုသားကောင်တွေ ဖမ်းတဲ့အခါ အသုံးပြုလေ့ရှိကြတယ်။ Toothed Whales တွေမှာတော့ အခြားအမျိုးပေါင်း ၆၆ မျိုးရှိပါတယ်။


-Baleen whales (Mysticeti) - ဤဝေလင်းတွေကတော့ အစာဖမ်းဆီးတဲ့အခါမှာ Baleen လို့ခေါ်တဲ့ အစာစစ်တဲ့ အင်္ဂါပါရှိကြတယ်။ Baleen ဆိုတာ ဘီးပုံသဏ္ဍာန်အင်္ဂါဖြစ်ပြီး သူတို့ရဲ့ အစာကို ရေမှစစ်ယူစားသောက်နိုင်တဲ့ အင်္ဂါဖြစ်ပါတယ်။ Baleen whales တွေဟာ Toothed Whales တွေထက် ပိုမိုကြီးမားပြီး သူတို့မှာ Blowholes နှစ်ပေါက်ပါရှိကြတယ်။ Baleen Whales တွေမှာ အခြားအမျိုးပေါင်း ၁၀ မျိုးရှိကြပါတယ်။


;;