Thursday, July 16, 2009

ဟိုတစ်နေ့က FM ကနေ သုမောင်တင်ဆက်တဲ့" သြော် ဒါနဲ့ စကားမစပ်" အစီအစဉ်ကို ကျွန်တော်နားထောင်လိုက်ရတယ်။ အဲဒီမှာသူပြောသွားတာက မိမိမွေးနေ့ရောက်ရင် လူတွေက (အထူးသဖြင့် အနုပညာရှင်များ၊ လူငယ်များ ) ဘယ်နေရာမှာ မွေးနေ့ပွဲလုပ်မယ် ၊ မွေးနေ့ အထိမ်းအမှတ်ဘာလုပ်မယ် ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လျှောက်လည်မယ်.... စသည်ဖြင့်ပေါ့လေ စိတ်ကူးကြတယ်၊ လုပ်ကြတယ်တဲ့ ။ အဲဒီနေ့မှာ ကိုယ်မွေးတဲ့ အမေကို ကန်တော့ဖို့စဉ်းစားမိတဲ့လူ နည်းပါတယ်တဲ့ ၊ သူပြောချင်တဲ့ အကြောင်းကတော့ အဲဒီရက်က မိမိမွေးနေ့ဖြစ်သလို ကိုယ့်အမေ ကိုယ်ကြောင့် နာကျင်ခံစားရတဲ့နေ့၊ သေမင်းနဲ့ စစ်ခင်းခဲ့တဲ့နေ့၊ သေမလိုဖြစ်ခဲ့ရတဲ့နေ့ လည်း ဖြစ်ပါတယ်တဲ့ ။ အဲဒါလေးကို သတိပြု ပြီး မွေးနေ့မှာအမေကို ကန်တော့ကြဖို့ပါ၊ အမေ မရှိတော့တဲ့ လူတွေလည်း မိမိစိတ်ကမှန်းပြီး ကန်တော့ကြ ပါလို့ သူကတိုက်တွန်းထားပါတယ်။

အဲဒါလေးကိုနားထောင်ပြီး ကျွန်တော်မေမေ့ကို သတိရလိုက်တာဗျာ ၊မှတ်မှတ်ရရ မွေးနေ့မှာ မေမေ့ကို ကန်တော့ဖြစ်တာဆိုလို့29 နှစ်မွေးနေ့တုန်းကတစ်ခါပဲ ရှိခဲ့တယ်။ ဦိးသုမောင်ကြီး ပြောသလို စိတ်ကူးပြီးကန်တော့ဖြစ်တာေ တာ့ မဟုတ်ပါဘူး၊ အဲလိုလည်း မတွေးမိသေးဘူးလေ၊ ကျွန်တော်က ကိုယ့်မွေးနေ့ကစပြီး ကံကောင်းအောင်လို့ အပြစ်ရှိသမျှကျေပါစေလို့ ဆုတောင်းပြီးမေမေ့ကိုကန်တော့တာ။ အဲဒီတုန်းက ကြည်နှုးဖို့တော့ ကောင်းတယ်၊ မေမေဆုပေးတာ နားထောင်နေရတာကိုက စိတ်ချမ်းသာတယ်ပေါ့လေ၊ တစ်ခါမှလည်း အဲလိုတစ်ယောက်ထဲ မကန်တော့ဖူးဘူး၊ သီတင်းကျွတ်တွေဘာတွေဆိုရင် လည်း မေမေ့ကို လာကန်တော့တဲ့အမျိုးတွေနဲ့ပဲရောပြီး ကန်တော့တာလောက်ပဲရှိတာလေ၊ မွေးနေ့မှာကန်တော့လိုက်ပြီးတော့မှ "ငါ့မွေးနေ့မှာ ငါ့အမေ ကိုကန်တော့ရတယ် "ဆိုတဲ့ feeling လေးကို ကျွန်တော် ကြိုက်သွားတာ၊ တခြားနေ့တွေမှာကန်တော့တာနဲ့  မတူနိုင်ဘူးလို့ တော့ထင်တာပဲလေ၊ ကိုယ့်မွေးနေ့ဆိုတာ ကိုယ့်ကိုအထူးပြုတဲ့နေ့၊ လောကကြီးထဲ ကိုယ်ရောက်လာတဲ့ အကြောင်း လူတွေကိုအသိပေးတဲ့နေ့၊ အဲဒီနေ့မှာ ကိုယ်ရယ်လို့ ဖြစ်လာအောင်မွေးပေးခဲ့တဲ့ အမေကို ကန်တော့ရတဲ့အချိန်မှာ ခံစားရတဲ့ feeling လေးပေါ့နော်၊ ပြောတော့မပြောပြတတ်ဘူး၊ သာသာယာယာ ငြိမ့်ငြိမ့်လေးပဲ၊ နောက်နှစ်တွေမှာလည်း မွေးနေ့ရောက်ရင်ကန်တော့မယ် လို့ ဆုံးဖြတ်ထားပေမယ့် မကန်တော့လိုက်ရပါဘူး၊ ကျွန်တော့်မွေးနေ့ မရောက်ခင် မေမေဆုံးသွားတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ........ မေမေ ဆုံးတာ သုံးလပြည်တဲ့နေ့က ကျွန်တော် အသက် သုံးဆယ် ပြည်တဲ့နေ့ပဲ၊ ကြေကွဲတယ်ဆိုတာ စကားအဖြစ်သာကြားဖူးတာ အဲဒီနေ့ကမှ ကြေကွဲတယ်ဆိုတာ ပြည့်ပြည့်၀၀ ခံစားလိုက်ရတာ၊ တစ်ကယ့်ကို ကြေကြေကွဲကွဲ နင့်နင့်နဲနဲ ပဲ။

အဲဒီနေ့က မေမြို့မှာရောက်နေလို့မေမေ့ သုံးလပြည့်ဆွမ်းကပ်အမှီ ရန်ကုန်ကို ပြန်ဆင်းရတာ၊ ဘာပြောကောင်းမလဲ........ ရန်ကုန်- မန္တလေး လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်း တွေးချင်တာတွေး ပြီး မျက်ရည်ကျခဲ့တာ၊(ကားပေါ်မှာ အကုန် အိပ်နေကြတာကိုး) ၊ရန်ကုန်- မန္တလေးလမ်းပေါ်မှာ မျက်ရည်ကျရတာ နှစ်ခါ ရှိပြီ၊ တစ်ခါက ကျွန်တော့်အဘိုးဆုံးလို့ မနက် အသုဘ အမှီ ရန်ကုန် ပြန် ရတာ၊ ငိုတာတော့ မဟုတ်ပါဘူး၊ ဒီလိုပဲတွေးပြီး မျက်ရည်ကျခဲ့တာ ( ကျွန်တော်က အဖေထက် အဘိုးကို ပိုချစ်တဲ့လူပေါ့)၊ နောက်တစ်နေ့တော့ မေမေ့သုံးလပြည့်ကော၊ ကျွန်တော့်မွေးနေ့ကော ပေါင်းပြီး ဘုန်းကြီးဆွမ်းကပ်တယ်.... မေမေ့ကိုမှန်းပြီးကောင်းရာ ဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းပြီး ကန်တော့လိုက်တယ်၊ အမှန်အတိုင်းပြောရရင် ဘုန်းကြီးကို လှူရပေမယ့် မေမေ့ကိုကန်တော့တုန်းကလိုေ တာ့ မကြည်နူးဘူး၊ အရင်အလှူ တွေလုပ်တုန်းကလိုလည်း မခံစားရဘူး၊ မေမေရှိစဉ်တုန်းကတည်းက ရထားတဲ့ အခွင့်အရေးကို ကျွန်တော်တို့ အသုံးမချမိခဲ့ဘူး၊ ကုသိုလ်တွေရနိုင်ပါလျက်နဲ့ မယူမိခဲ့မိဘူး၊ ယူရကောင်းမှန်း သိတဲ့အချိန်ကျ တော့ ကံတရားက အဲဒီအခွင့်အရေးကို ရုတ်သိမ်းသွားတယ်၊ ပြန်လုယူလို့လည်း မရနိုင်တော့ ဘူးလေ.........။

မိတ်ဆွေတို့လည်း အမေရှိသေးရင် အခြားအချိန်တွေ မကန်တော့ဖြစ်ရင် တောင်မှ မိမိမွေးနေ့မှာတော့ အမေကိုကန်တော့ဖြစ်အောင်ကန် တော့လိုက်ပါ။ (ကိုယ့်သားသမီး တွေ အလှည့်ရောက်ရင်တော့မိဘကို ညတိုင်းကန်တော့ဖြစ်အောင်အကျင့်လုပ်ပေးကြပါ) ၊ မိမိမွေးနေ့ရောက်ရင်လည်း မိဘနှစ်ပါးကို အဓိကထားကန်တော့ပြီးမှ မိမိမွေးနေ့ ကို စိတ်တိုင်းကျပျော်ကြပါလို့ နော်။ ကဲ.. မိတ်ဆွေ.................ဒီနှစ်မွေးနေ့ကို ဘယ်လိုလုပ်မယ် စိတ်ကူးထားသလဲ .....?

ကိုးကားချက်

http://www.myanmarspace.com/blog/view/id_1957/title_/

0 comments: